(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား မော်လမြိုင်တွင်ကျင်းပ

မော်လမြိုင် ဖေဖော်ဝါရီ ၁၃

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံ လွှင့်တင်ခြင်း၊ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ မောရဝတီပန်းခြံတွင် နံနက် ၅ နာရီ ၁၅ မိနစ်က စတင်ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်အလံတင်အဖွဲ့နှင့် စစ်ဘင်ခရာအဖွဲ့တို့မှ ကွင်းအတွင်း နေရာယူ၍ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအား နံနက် ၅ နာရီ ၃၀ မိနစ်တွင် လွှင်ထူခြင်းနှင့် အလေးပြုခြင်း ကျင်းပခဲ့ကြပြီးကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။

ဆက်လက်၍ အဆိုပါပန်းခြံဝင်းအတွင်း နံနက် ၇ နာရီက နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ နံနက် ၇ နာရီ ၄၀ မိနစ်တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားပေးသည်။

ထို့နောက် စစ်ဘင်ခရာအဖွဲ့မှ ကွင်းအတွင်း ပြန်လည်ထွက်ခွာရန် အလေးပြုပြီးနောက် အခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)