ကျောက်ပန်းတောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

 

ကျောက်ပန်းတောင်း  ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယမန်နေ့  နံနက် ၅ နာရီခွဲအချိန်က လည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေပို့သော သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင် လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလေးပြုကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နံနက် ၅ နာရီခွဲတွင် နိုင်ငံတော်အလံလွှင့်တင်ခြင်းအခမ်းအနားကို ပြုလုပ်ရာ၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုစုပေါင်း(၅၆)ဦးတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်၍ နိုင်ငံတော်အလံလွှင့်တင် အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းဆောင်ရွက်ကာ အခမ်းအနားပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် သဝဏ်လွှာ ဖတ်ကြားသည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြုလုပ်သည့် စာစီစာကုံး၊ ကျပမ်းစကားပြော၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများကို မြို့နယ်ဥက္ကဋ္ဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါ သဝဏ်လွှာဖတ်ကြားခြင်းနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ် ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတက်ရောက်လာသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)