ရခိုင်ပြည်နယ် စစ်တွေမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများဖွင့်လှစ်

 

စစ်တွေ  ဖေဖော်ဝါရီ  ၁၃

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာများ နှင့် လူမှုရေးအဖွဲ့အစည်းများ၊ စာရေးဆရာများ၏ စာအုပ်၊ စာပေပြခန်းများနှင့် ရခိုင်ရိုးရာ(ပိုင်စရာ) အစားအစာပြခန်းများဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ကျင်းပ သည်။

 

ရှေးဦးစွာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းတို့က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းမှူး၊ ပြည်နယ်ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် ဌာနဆိုင်ရာများ၊ စိန်ရတုပြည်ထောင်စု နေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားမျိုးနွယ်စုဝင်များသည် ဌာနဆိုင်ရာပြခန်းများနှင့် လူမှုရေးအဖွဲ့အစည်းများ၊ စာရေးဆရာများ၏ စာအုပ်၊ စာပေပြခန်းများနှင့် ရခိုင်ရိုးရာ(ပိုင်စရာ) အစားအစာပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းက “ကျွန်တော်တို့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ်ပေါ့ ပြခန်းပေါင်း (၄၀) ပြသထားပါတယ်၊ အဲ့ဒီအထဲမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့ မှတ်တမ်းဓာတ်ပုံ တွေ၊ ဌာနဆိုင်ရာတွေရဲ့ မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်တဲ့ လုပ်ငန်းတွေ၊ ပြည်သူ့အကျိုးပြုဆောင်ရွက်တဲ့လုပ်ငန်းတွေ၊ နောက်ပြီးတော့ စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စာပေပညာရှင်တွေနှင့် စာရေးဆရာတွေရဲ့ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေကိုလည်း စာရေးဆရာတွေ ကိုယ်တိုင်လာရောက်ပြီးတော့ ခင်းကျင်းပြသတာတွေရှိပါတယ်၊ နောက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာမုန့်တွေကိုလည်းပြသထားပါတယ်၊ ဒီပြခန်းတွေကို ဌာနဆိုင်ရာတွေ၊ ပြည်သူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ လာရောက်လေ့လာနိုင်အောင် ပြသထားပါတယ်၊ ဒီပြခန်းတွေမှာ ပြသထားတဲ့အကြောင်းအရာတွေကို ပြည်သူတွေလာ ရောက်ကြည့်ရှု ခြင်းအားဖြင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်တွေအပြင် ဌာနဆိုင်ရာတွေရဲ့၊ ဌာနအလိုက် လုပ်ဆောင်ချက်တွေကိုပါသိရှိပြီးတော့ အသိပညာဗဟုသုတတွေ တိုးပွားလာနိုင်မှာဖြစ်တဲ့အတွက် လာရောက်လေ့လာ ကြဖို့လည်း ဖိတ်ခေါ် ပါတယ်” ဟုပြောကြားသည်။

အဆိုပါပြခန်းများကို စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းတွင် ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ပြသပေးလျက်ရှိကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)