ငါန်းဇွန် ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ငါန်းဇွန်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ် ဦးစီးမှူး ဒေါ်နေခြည်ဦးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်း သိကောင်းစရာများ ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေး အသိ ပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်းအတွင်း ပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံများ နှင့် ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)