ကျောက်မဲမြို့တွင် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ ဖေဖေါ်ဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယနေ့နံနက်ပိုင်းက  ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲမြို့၊  အမှတ် ၁ ရပ်ကွက်၊  ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ယနေ့နံနက် ၅ နာရီ ခွဲအချိန်က  အလံတင် အခမ်းအနားကျင်းပရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ စစ်ခရာဖြင့် မြန်မာနိုင်ငံတော်အလံအား လွှင့်တင်‌ပြီး အခမ်းအနားသို့ တက်ရောက် လာသူများက မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

ယင်းနောက် နံနက် ၇ နာရီ ၄၀ မနစ်အချိန်တွင် မြို့ကျက်သရေဆောင် ခန်းမ၌ သဝဏ်လွှာဖတ်ပွဲ အခမ်း အနားကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာနိုင်ငံတော် အလံအား အလေးပြုပြီး ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ် ၊ ၇၅ နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊  အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများ အားခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)