တာမွေမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၂

၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးရန်ကုန်အရှေ့ပိုင်းခရိုင်တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မြက်ခင်းပြင်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ဂုဏ်ပြုရဲတပ်ဖွဲ့နှင့် အတူ နံနက်(၅)နာရီ (၃၀)မိနစ်အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား လွှင့်တင်အလေးပြုခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။ ထို့နောက် နံနက် (၇)နာရီ (၄၀)မိနစ်အချိန်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကိုးအောင်က ဖတ်ကြားခဲ့သည်။ ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသော အားကစား သမားများနှင့် ထူးချွန်ဆုရ ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ထူးချွန်ဆုရ အားကစားသမားများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(တာမွေ)