ခရမ်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ခရမ်း   ဖေဖော်ဝါရီ    ၁၂

၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်‌တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မြက်ခင်းပြင်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ဂုဏ်ပြုရဲတပ်ဖွဲ့နှင့်အတူ နံနက်(၅) နာရီ(၃၀)မိနစ်အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင် အလေးပြု ခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။ ထို့နောက် နံနက်(၇)နာရီ (၃၀)မိနစ်အချိန်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကိုဝင်းက ဖတ်ကြား ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သတင်းရသည်။

ကိုမင်း ( ခရမ်း )