မြင်းခြံမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားပြုလုပ်

မြင်းခြံ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို အ.ထ.က-၁ ကျောင်းဝန်းအတွင်းတွင် ယနေ့နံနက် (၇:၃၀) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊  ရဲဘော်အပေါင်းတို့အား အလေးပြုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတောဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးတင့်လှိုင်က ဖတ်ကြားခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ပြုလုပ်သော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက်(အမျိုးသား) ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ဆုရရှိသည့် မြင်းခြံခရိုင်အသင်း ရိုးရာခြင်းအသင်း၊ အခြေခံပညာအထက်တန်းအဆင့် ပန်းချီ၊ ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါး၊ ကျပန်း စကားပြော ပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိနတို့က အသီးသီးဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။                      

ကျော်စွာ(မြင်းခြံ)