ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲသည့် ဂိတ်ရင်း၊ ဂိတ်ဖျားမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းများအား ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် စတင်ပြောင်းလဲပြေးဆွဲပေးလျက်ရှိ

ရန်ကုန်  ဖေဖော်ဝါရီ     ၁၂

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၌ နေ့စဉ် YBS ခရီးသည်တင် ယာဉ်များစီးနှင်းပြီး မြို့တွင်းခရီးသွားလာနေကြသည့် ခြောက်သိန်းနီးပါးခန့်ရှိသော ခရီးသွားပြည်သူ များအနေဖြင့် မြို့တွင်းခရီးစဉ်များ သွားလာကြရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ စီစဉ်မှုဖြင့် ရန်ကုန် မြို့တွင်း ခရီးစဉ် ပြေးဆွဲပေးလျက်ရှိသော YBS ခရီးသည်တင် ယာဉ်လိုင်းများအနက် ယာဉ်လိုင်း နံပါတ်တူပြီး ပြေးဆွဲသည့် ဂိတ်ရင်း၊ ဂိတ်ဖျားမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းများအား ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ “ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ” နံနက်ပိုင်းအချိန်မှ စတင်၍ ယာဉ်လိုင်းနံပါတ် အသစ်များဖြင့် ရန်ကုန်မြို့တွင်း စတင်ပြောင်းလဲ ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

“ အခုဒီယာဉ်လိုင်း နံပါတ်အသစ်သတ်မှတ်ဖြစ်တာက အရင်က ယာဉ်လိုင်း(၃၈)လိုင်းကို နံပါတ် (၁၅)ခုပဲ သတ်မှတ်ပေးထားတာ၊ (၅)လိုင်းကို နံပါတ်တစ်ခုပေးတယ်၊ (၄)လိုင်းကို တစ်ခုပေးတယ်၊ (၃)လိုင်းကိုတစ်ခုပေးတယ်၊ (၂)လိုင်းကို တစ်ခုပေးတယ် အဲလို နံပါတ်တစ်ခုထဲကို ယာဉ်လိုင်းတွေ ရောနေတာပေါ့နော်။ အဲလို ခရီးလမ်းဆုံးမတူပဲ နံပါတ်က တူနေတော့  ခရီးသွား ပြည်သူတွေအနေနဲ့ ကားမှားပြီး စီးမိတာတွေ ရှိတာပေါ့။ အဓိက အဲဒီပြဿနာကို ဖြေရှင်းချင်တဲ့ အတွက် အခုလို ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲသည့် ဂိတ်ရင်း၊ ဂိတ်ဖျားမတူသည့် YBS ခရီး သည်တင် ယာဉ်လိုင်းမျာအား နံပါတ်အသစ် ပြောင်းလဲသတ်မှတ်ဖို့ စီစဉ်ဖြစ်တာပါ ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

အဆိုပါ ပြောင်းလဲပြေးဆွဲပေးလျက်ရှိသော YBS ခရီးသည်တင်ယာဉ်လိုင်းနံပါတ်များမှာ ဝါယာလက် - ဆူးလေ (ခြောက်ထပ်ရုံး) လမ်းကြောင်းကို YBS-၃၇ အစား YBS-၁၀၄၊ မှော်ဘီ (TU) -ဆူးလေ(ခြောက်ထပ်ရုံး)လမ်းကြောင်းကို YBS-၃၇ အစား YBS-၁၀၅၊ ဥက္ကံ - ဆူးလေ (ခြောက်ထပ်ရုံး) လမ်းကြောင်းကို YBS-၃၇ အစားYBS-၁၀၆၊ လှည်းကူး - ဆူးလေ (ခြောက်ထပ်ရုံး)လမ်းကြောင်းကို  YBS-၃၇ အစား YBS-၁၀၇၊ ဒဂုံတက္ကသိုလ် - ဦးဝိစာရလမ်း (မ/ဒဂုံ) - ဆူးလေလမ်းကြောင်းကို YBS- ၈၇ အစား YBS-၁၀၈၊ မှော်ဘီ (TU) - လှော်ကား (တာဆုံ) - သာကေတ လမ်းကြောင်းကို YBS-၉၆ အစား YBS-၁၀၉၊ ယုဇနဥယျာဉ်မြို့တော် - သုဝဏ္ဏ - ဆူးလေလမ်းကြောင်းကို YBS-၃ အစား YBS-၁၁၀၊ ဒဂုံတောင် (ကျီစု) - ဆူးလေလမ်းကြောင်းကို YBS-၇ အစား YBS-၁၁၁၊ ဒဂုံတောင် (အနောက်ကျီစု) - ဆူးလေလမ်းကြောင်းကို YBS-၇ အစား YBS-၁၁၂၊ ငမိုးရိပ် (ကားကြီးဂိတ်) - ဆူးလေလမ်းကြောင်းကို YBS-၇ အစား YBS-၁၁၃၊ ဒဂုံအရှေ့ (၁၀၈) ရပ်ကွက် - ဆူးလေ လမ်းကြောင်းကို YBS-၂၄ အစား YBS-၁၁၄၊ အောင်မင်္ဂလာအဝေးပြေး - ဆူးလေလမ်းကြောင်းကို YBS-၃၆ အစား YBS-၁၁၅၊ ထောက်ကြန့် မြို့ရှောင်လမ်း - ဆူးလေ လမ်းကြောင်းကို YBS-၃၆ အစား YBS-၁၁၆၊ ဒဂုံတက္ကသိုလ်-ပြည်လမ်း - သခင်မြ ပန်းခြံလမ်းကြောင်းကို YBS-၃၀ အစား YBS-၁၁၇၊ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) -ဘူတာကြီး လမ်းကြောင်းကို YBS-၉၇ အစား YBS-၁၁၈၊ အောင်မင်္ဂလာအဝေးပြေး -ဒဂုံဧရာအဝေးပြေး လမ်းကြောင်းကို YBS-၁၆ အစား YBS-၁၁၉၊ သာကေတ (အနော်မာ) - ရန်ကုန်ဘူတာကြီး လမ်းကြောင်းကို YBS-၈၀(မီနီဘတ်စ်)အစား YBS-၁၂၀၊ သာဓုကန်စက်မှုဇုန်-ဒဂုံဧရာအဝေးပြေး လမ်းကြောင်းကို YBS-၄၂ အစား YBS-၁၂၁၊ ချင်းကုန်း-တိုက်ကြီး- သခင်မြပန်းခြံလမ်းကြောင်းကို YBS-၉၀ အစား YBS-၁၂၂၊ အဖျောက် - တိုက်ကြီး - အင်းစိန် (ဘီအိုစီ) လမ်းကြောင်းကို YBS- ၉၀ အစား YBS-၁၂၃၊ အဖျောက် - တော်လတီ -အင်းစိန် (ဘီအိုစီ) လမ်းကြောင်းကို YBS-၉၀ အစား YBS-၁၂၄၊ ဒဂုံဆိပ်ကမ်း - ကွမ်းအပ်မင်းသားလမ်း - ဒဂုံဧရာ အဝေးပြေးလမ်းကြောင်းကို YBS-၆ အစား YBS-၁၂၅၊ အနောက်ပိုင်းတက္ကသိုလ်-ကျောက်တော်ကြီး ဘုရားလမ်းကြောင်းကို YBS-၂၂ အစား YBS-၁၂၆ စသည်တို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းနံပါတ်တူပြီး ဂိတ်ရင်း၊ ဂိတ်ဖျားမတူသည့် YBSခရီးသည်တင်ယာဉ်လိုင်းများအား ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် စတင်ပြောင်းလဲပြေးဆွဲပေး ရာတွင် မြို့တွင်းခရီးသွားပြည်သူများအနေဖြင့် ပြောင်းလဲပြေးဆွဲပေးမည့် ယာဉ်လိုင်းနံပါတ်များအား ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်သိရှိနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)နှင့် သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီများ ပူးပေါင်း၍ သက်ဆိုင်ရာ ယာဉ်လိုင်းနံပါတ်ပြောင်းလဲပြေးဆွဲမည့် YBSခရီးသည်တင်ယာဉ်များနှင့် ဂိတ်ရင်း၊ ဂိတ်ဖျားများတွင် အသိပေး ကြော်ငြာထားပြီးဖြစ်ကြောင်း၊ ယခုအခါ ယာဉ်လိုင်းပေါင်း (၂၃)လိုင်းကို နံပါတ်အသစ် တစ်ခုစီ သတ်မှတ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

“ အရင်တုန်းက ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်း စုစုပေါင်း (၁၀၃)လိုင်းရှိတယ်။ အခုနံပါတ်အသစ်သတ်မှတ်တာက (၂၃)လိုင်းဆိုတော့ စုစုပေါင်း ယာဉ်လိုင်း (၁၂၆)လိုင်း အထိ ဖြစ်သွားပြီးတော့ လမ်းကြောင်းအသစ်အဖြစ် ထပ်တိုးပြေးဆွဲပေးမည့် ယာဉ်လိုင်း နံပါတ် (၁၂၇)ကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှစပြီး ပြေးဆွဲပေးလျက်ရှိပါတယ်။ ဒီယာဉ်လိုင်းနံပါတ် (၁၂၇)ရဲ့ လမ်းကြောင်းကတော့ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ - ဘုရင့်နောင်လမ်း - လေးထောင့်ကန် - အမှတ်(၂)လမ်း - တောင်/မြောက်လမ်းဆုံ - စံပြစျေး - သံသုမာလမ်း - ဘေလီ - ပင်လုံလမ်း - ပြည်ထောင်စုလမ်း - ၇/၈ လမ်းဆုံ - ရာဇာဓိရာဇ်လမ်း - ဘုန်းကြီးကျောင်းကွေ့ - မင်းရဲကျော်စွာလမ်း - စိတ်ကျန်းမာရေးဆေးရုံ - အမှတ်(၇)လမ်း - မစိုထိပ် - အမှတ်(၂)လမ်း - လေးထောင့်ကန် - ဘုရင့်နောင်လမ်း - မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ(အဝိုင်းပတ်) ခရီးစဉ်အတို/ခေါက်တို ပြေးဆွဲပေးမှာဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆက်လက် ပြောကြားခဲ့သည်။

YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် ငွေပေးချေမှုအနေနဲ့ ပုံသေယာဉ်စီးခ တိုးမြှင့် ကောက်ခံဖို့ အစီအစဉ် မရှိကြောင်း၊ Yangon Payment Service (YPS) ကတ်စနစ် အသုံးပြု၍ (Distance Pay) ခရီးအကွာအဝေးပေါ်မူတည်ပြီး ငွေကောက်ခံဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေနဲ့ ယာဉ်စီးခပိုမိုကောက်ခံတဲ့ YBS ခရီးသည်တင်ယာဉ်တွေကို ထိရောက်တဲ့ အရေးယူမှုများ ဆောင်ရွက် လျက်ရှိကြောင်း၊ ယခင်ကတည်းက ခရီးအကွာအဝေးအလိုက် (Distance Pay) အနေနဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ယာဉ်စီးခလေးရာကျပ်အထိ ကောက်ခံထားမှုများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

“ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းနံပါတ်တူပြီး ဂိတ်ရင်း၊ ဂိတ်ဖျားမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းနံပါတ်တွေကို အခုလို အသစ်ပြောင်းလဲသတ်မှတ်ပြေးဆွဲပေးတာဟာ နေ့စဉ် YBS ခရီးသည်တင်ယာဉ် စီးနှင်းပြီးတော့ မြို့တွင်းခရီးသွားလာနေကြရတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် အရမ်းကို အဆင်ပြေမှုရှိပါတယ်။ အရင်ကဆို နံပါတ်တူတယ်ဆိုပြီး ကားပေါ် တက်သွားပြီးခါမှ ကိုယ်သွားမဲ့ ခရီးစဉ်မဟုတ်လို့ ကားပေါ်က ပြန်ဆင်းခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ နောက်တစ်ခုက တစ်ချို့ကားတွေမှာ ရှေ့မှာကပ်ထားတဲ့ လမ်းကြောင်းကို ကိုယ်က မမြင်လိုက်တဲ့ အတွက် မေးပြီးမှ စီးရတဲ့ အခြေအနေအထိ ဖြစ်ပါတယ် ” ဟု နေ့စဉ် သာကေတမြို့နယ်မှ တာမွေမြို့နယ်သို့ YBS ခရီးသည်တင်ယာဉ် စီးနင်းပြီး မြို့တွင်းခရီးသွားလာနေသူ ဦးကြည်မြင့်က ဆိုသည်။

ယခင်က ရန်ကုန်မြို့တွင်းခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေး အတွက် YBS ခရီးသည်တင်ယာဉ်လိုင်း(၉၈)လိုင်းမှ ယာဉ်အစီးရေ (၂၈၀၀)ကျော်ဖြင့် နေ့စဉ်ခရီးသွား ပြည်သူ ခြောက်သိန်းနီးပါးခန့်ကို ပြေးဆွဲပို့ဆောင်ပေးနိုင်ခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) အနေဖြင့် YBS ခရီးသည်တင်ယာဉ် လိုင်း(၁၂၇)လိုင်းဖြင့် တိုးမြှင့်ပြေးဆွဲပေးလျက်ရှိရာ မြို့တွင်းခရီးသွားပြည်သူများ၏ နေ့စဉ်ခရီး သွားလာရေးတွင် အဆင်ပြေချောမွေ့လာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)