မင်္ဂလာဒုံမြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ ပန်းချီ၊ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ကျင်းပ

မင်္ဂလာဒုံ ဖေဖော်ဝါရီ ၁၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်၊ အတွေးအခေါ်ကောင်းများ ရင့်သန်လာစေရန်၊ နေ့ထူးနေ့မြတ်များကို အမှတ်ရစေရန်၊ ထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ပြောတတ်ဆိုတတ်သည့် လူရည်မွန်များဖြစ်လာစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုများ ရှိလာစေရန်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ၂၀၂၂ခုနစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုန့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ ပန်းချီ၊ ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁) နာရီက ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများ ပြုလုပ်ရသည့်အကြောင်းအရင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာမြင့်မြင့် ကျော်က ရှင်းလင်းပြောကြားခဲ့သည်။ ပြိုင်ပွဲတွင် ကဗျာရွတ်ဆိုသူ(၁၀)ဦး၊ ပုံပြောသူ(၅)ဦး၊ စာစီစာကုံးပြိုင်ပွဲဝင်သူ(၁၀)ဦး၊ ပန်းချီပြိုင် ပွဲဝင်သူ(၁၀)ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲဝင်သူ(၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများတွင်ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)