တောင်ကြီး ဖေဖော်ဝါရီ ၁၂
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးကောလိပ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဆုပေးပွဲ(ပြည်နယ်အဆင့်နှင့် ပညာရေးဒီဂရီကောလိပ်အဆင့်)ကို ယမန်နေ့မွန်းလွဲ(၁) နာရီက တောင်ကြီးမြို့ ပညာရေး ဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သင်တန်းသားများက`ပြည်မြန်မာ´သီချင်းသီဆိုဖွင့်လှစ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်းမှာ သင်တန်းသား၊ သင်တန်းသူများမှ တစ်ဆင့် အနာဂတ်မျိုးဆက်သစ် နိုင်ငံသား ကောင်းများကို စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝရရှင် သန်ထက်မြက်စေရန်အတွက် ပြုစုပျိုးထောင်ပေးနိုင်ရန် ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာ သင်တန်း(PPTT) အမှတ်စဉ်(၇/၂၀)မှ သင်တန်းသူမ ပန်းအိတင်ဇာက ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းအား ဟောပြော၍ ပြည်နယ်အဆင့် ဆုချီးမြှင့်ပေးရာ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့ တွင် ဆုရရှိသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်မှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျောင်းအဆင့်ဆုရရှိသူများအား တောင်ကြီးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ တောင်ကြီး ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးနှင့် တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ပေးကြပြီး သင်တန်းသားများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ဖြင့် သီဆိုဖျော်ဖြေကြကြောင်း သိရသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲ ကျိုင်းတုံခန်းမ၌ တောင်ကြီးတက္ကသိုလ်အဆင့်ဆုပေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့် တက်ရောက်အဖွင့် အမှာစကားပြောကြားပြီး ဆုရရှိသူများအား ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)