ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြပ်မတ်မှုဖြင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုသည့် မွေးမြူရေးလုပ်ငန်းရှင်များအား အကြောင်းကြားစာများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

စစ်တွေ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြပ်မတ်မှုဖြင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေ ထုတ်ယူခွင့်ပြုသည့် မွေးမြူရေးလုပ်ငန်းရှင်များအား အကြောင်းကြားစာများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်အတွင် သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေများထုတ်ချေးပေး လျက်ရှိပါကြောင်း၊ မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရာတွင် စည်းကမ်းချက်များသတ်မှတ်ပြီး ကိုက်ညီသူများကို လျှောက်လွှာများ လက်ခံ၍ စိစစ်ထုချေးပေးခဲ့ပါကြောင်း၊ သို့သော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များမှာ ချေးငွေလျှောက်ထားရာတွင် အားနည်းချက်အချို့ရှိခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့က ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီသို့ တင်ပြပြီးကူညီ ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုချေးငွေရရှိသော လုပ်ငန်းရှင်များအား ချေးငွေများမဆုံးရှုံးစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးရန် တာဝန်ယူခဲ့ရပါကြောင်း၊ ချေးငွေရရှိသော လုပ်ငန်းရှင် များမှာလည်း အထူးအခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ချေးငွေရရှိသည့်အတွက် မိမိတို့လုပ်ငန်းများ ပြန်လည်ထူထောင်လည်ပတ် နိုင်ရေးအတွက် အလေးထားပြီး အကျိုးရှိရှိအသုံးချ ဆောင်ရွက်သွား ကြရန်နှင့် ချေးငွေသက်တမ်းစေ့သည့်အချိန်တွင် ပြန်လည်ပေးဆပ် နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထူးမင်းသိမ်းက ချေးငွေရရှိရေး ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြန်မာ့စီးပွားရေးဘဏ်၊ စစ်တွေခရိုင်ဘဏ်မန်နေဂျာက ချေးငွေထုတ်ယူရာတွင် လိုအပ်သည့် လုပ်ငန်းစဉ်များအပေါ် ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက အကြောင်းကြားစာများကို ပေးအပ်ရာ လုပ်ငန်းရှင် များ ကိုယ်စားမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက လက်ခံရယူပြီး ချေးငွေရရှိသည့် လုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင်စကားပြောသည်။

ရခိုင်ပြည်နယ်တွင် မွေးမြူရေးကဏ္ဍအတွက် ပုံမှန်သတ်မှတ်ချက်များဖြင့် ချေးငွေလျှောက်ထား၍ ရရှိသူ(၃၆) ဦးရှိပြီး ယခုပြည်နယ်အစိုးရ အဖွဲ့၏ ကြပ်မတ်မှုဖြင့် ချေးငွေရရှိသူ(၂၀) ဦးဖြစ်ကာ မွေးမြူရေးကဏ္ဍအတွက် ချေးငွေရရှိသူ(၅၆) ဦးရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)