မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲ ကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ  ၁၂           

ကချင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တေးသီချင်းသီဆိုပြိုင်ပွဲအား ယမန်နေ့နေ့လည် ၁နာရီအချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ကျင်းပပြု လုပ်သည်။

အဆိုပါပြိုင်ပွဲသို့ ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ အဆိုဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။

ဦးစွာ တေးသီချင်းသီဆိုပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ‌မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်၀င်းမှ အမှာစကား ပြော ကြားရာတွင် "လာမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သည် မိမိတို့နိုင်ငံအတွက် ထူးခြားသည့်နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်တာ ကြောင့်  ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ယခုလို တေးသီချင်းပြိုင်ပွဲအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း" ပြောကြားသည်။

ယင်းနောက် သီချင်းဆိုပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲ၀င်များအား ပြည်ထောင်စုနေ့  (သို့) ကချင်ပြည်နယ်နေ့နှင့် စပ်ဆိုင်သော တေးသီချင်းများအထဲမှ မိမိတို့နှစ်သက်ရာ တေးသီချင်း(၁)ပုဒ်အားဖြင့် သီဆိုယှဉ်ပြိုင်စေပြီး အကဲဖြတ်ဒိုင်လူကြီး(၄)ဦးတို့မှ စီစစ် အမှတ်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ သီချင်းဆိုပြိုင်ပွဲတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ၀န်ထမ်း အဆိုဝါသနာရှင်များ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မြစ်ကြီးနား၊ဝိုင်းမော်နှင့် ဆင်ဘိုမြို့နယ်များမှ ပြိုင်ပွဲ၀င် စုစုပေါင်း (၁၈)ဦးတို့မှ  ပင်လုံစိတ်ထား၊ ကမ္ဘာတည်သ၍၊ ချစ်ခြင်းတရားနဲ့ပြည်ထောင်စု၊ စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ်၊ ကချင်ပြည်နယ်ကိုချစ်တယ်၊  မမေ့နိုင်တဲ့မြေ၊ ကချင်မြေကိုလာပါ အစရှိသော တေးသီချင်းများဖြင့် ပါ၀င်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။

ယင်းသီချင်းဆိုပြိုင်ပွဲတွင် ပထမဆုအား ‘ပင်လုံစိတ်ထား’ တေးသီချင်းဖြင့်  ဦးမင်းဇိုင်းဂျုံးဇယ် (ပညာရေး)မှ လည်းကောင်း၊ ဒုတိယဆုအား ‘ချမ်းမြေ့ပါစေ’ တေးသီချင်းဖြင့် ဒေါ်မာမာဦး (ပညာရေး)မှလည်းကောင်း၊ တတိယဆုအား ‘ငိုင်ဂေါ်ချိန်းဖော့’ တေးသီချင်းဖြင့် ဒေါ်ခြူးရွှေရည် (ပညာရေး)မှ လည်းကောင်းအသီးသီး ရရှိရာ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်၀န်ကြီး များမှ ငွေသားဆုများနှင့်ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နှစ်သိမ့်ဆုရပြိုင်ပွဲ ဝင်များအား တာ၀န်ရှိသူများမှ ဂုဏ်ပြုဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။

ပြည်နယ် (ပြန်/ဆက်)