သီပေါမြို့နယ်တွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ် ဆောင်ရွက်

သီပေါ  ဖေဖော်ဝါရီ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ယနေ့နံနက်ပိုင်းက   ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသည့်အသိပညာ ဗဟုသုတများ ကို သူတစ်ပါးအား ပြန်လည်မျှဝေနိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  စာရေးသူ ဩမြတ်မေကို ရေးသားထားသည့် “ကြယ်စင်များဆီသို့နှင့် အာရှလူငယ်ဝတ္ထုတိုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက  စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆက်လက်ဆောင်ရွက်ရာ မြို့နယ်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများဖြစ်ကြသည့် နန်းဆိုင်မွန်း၊ နန်းမွေဖောင်၊ နန်းမွေဟွမ်၊ စိုင်းကျောက်၊ စိုင်းထွန်းအေးတို့က စာအုပ်ပါ အကြောင်းအရာများအနက် မိမိတို့ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုခြင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခြင်းကို ပန်းတိမ်တောင်ရပ်ကွက်၊ ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)