မိုးမောက် ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပိုမိုလွှမ်းခြုံ နိုင်ရန်အတွက် ကိုဗစ်−၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီး သူများကို ထပ်ဆောင်း ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုးမောက်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစံလင်း ဦးဆောင်၍ မြို့နယ် ကျန်းမာရေးမှူးအဆင့် (၁) ဦးစန်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းတင်ရေးသွင်းခြင်းများ ပြုလုပ်ပြီး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံထုတ်(Covaxin)ဖြစ်ပြီး ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး ၆ လ ပြည့်ပြီးသူများကို ထပ်ဆောင်းကာကွယ်ဆေးအဖြစ် အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများနှင့် အသက်(၅၀)နှင့်အထက် နိုင်ငံဝန်ထမ်းများ ၇၆၄ ဦး ကိုထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သဲစုမိုး (ပြန်/ဆက်)