တနိုင်း ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မြို့နယ်သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့် (၂၅%)ရာခိုင်နှုန်း အနားယူခြင်း လစ်လပ်နေရာများအား ပြန်လည်အစားထိုး ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လည် (၁၁)နာရီက တနိုင်းမြို့၊ ကင်ဆားရာ ရပ်ကွက်၊ မြို့ဦး(တပ်ဦး)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ"နမောတဿ" (၃)ကြိမ်ရွတ် ဆိုကြပြီး အစည်းအဝေး စတင်ခဲ့ပြီးနောက် အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးသို့ မြို့နယ်သံဃာဝန်ဆောင် ဆရာတော် (၇၅) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ထေရဝါဗုဒ္ဓသာသနာပြုကျောင်း (တရုံ)ဆရာတော် ဦးခေမာစာရမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားသည်။
အဆိုပါ သံဃာ့နာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်ပွဲအခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာ တော်(၂၈)ပါး ကြွရောက်တော်မူကြပြီး မြို့နယ်သံဃာ့ နာယကအဖွဲ့ ရွေးချယ်အဖွဲ့မှ သံဃာနာယက လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ကြရာ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ထေရဝါဗုဒ္ဓသာသနာပြုကျောင်း (ဗဟို)မြို့မ ဦးစန္ဒနာလင်္ကာရ၊ အကျိုးတော်ဆောင် ထေရဝါဗုဒ္ဓသာသနာပြုကျောင်း (ရှင်ဗွေယန်) ဦးပညာဇေ၊ အဖွဲ့ဝင်များဖြစ်သည့် ရွယ်ဆုပန်အောင်ကျောင်းတိုက် (အောင်စိုးမိုး) ဦးခေမာစာရ၊ ထေရဝါဗုဒ္ဓသာသနာပြုကျောင်း(ဒိုက်ဖား) ဦးကုသလ၊ ချမ်းမြေ့ရွှေပြည် (အေးသုခ) ဦးဓမ္မနန္ဓ၊ သဒ္ဓမ္မဇောတိကျောင်း (မိုင်းခွန်) ဦးစန္ဒာဇောတိ၊ သီရိရွှေကျားကျောင်း (မကော) ဦးပညာဝံသဆရာတော် (၇)ပါးတို့ဖြင့် အသစ်ပြန်လည်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ရွေးချယ်ပွဲအခမ်းအနားသို့ ကြွရောက်တော်မူလာသည့် ဆရာတော်များအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ မြို့နယ်သာသနာရေးဦးစီးဌာန ဒုဦးစီးမှူး ဦးရဲဇော်နှင့် ဌာနဆိုင်ရာတို့က ဝတ္ထုငွေများ အသီးသီးဆက်ကပ်လှူဒါန်းသည်။
ထို့နောက်သဘာပတိမှ နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" (၃)ကြိမ်ရွတ်ဆိုကာ အခမ်း အနားပြီးမြောက်ကြောင်း သိရသည်။
ဝါဝါ