ဆီဆိုင် ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်ရှိ ကယားပြည်နယ်မှ တိုက်ပွဲရှောင် အိမ်ထောင်စု(၇၇)စုအတွက် စေတနာရှင် ပြည်သူများမှ စုပေါင်းလှူဒါန်းထားသည့် အခြေခံ စားသောက်ကုန်နှင့် အဝတ်အထည်များကို ယနေ့နံနက် ၁၀ နာရီခန့်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကယားပြည်နယ်မှ တိုက်ပွဲရှောင်အိမ်ထောင်စု (၇၇) စုအတွက် ဆန်ခြောက်ပြည်အိတ် (၆၅) အိတ်နှင့် ဆယ့်နှစ်ပြည်အိတ် (၁၂) အိတ်၊ ဆီငါးဆယ်သား (၈၀) ဘူး၊ ကြက်ဥ (၈၅၀) လုံး၊ ဆား (၁၀၀) ထုပ်၊ ခေါက်ဆွဲခြောက် (၃) ဖာ၊ အဝတ်အထည်များနှင့် ကလေး Diapers များကို အလှူရှင်များ၏ကိုယ်စား ဆီဆိုင်မြို့ ဖြူစင်နှလုံးသား သွေးလှူရှင်အသင်း အဖွဲ့များက သွားရောက်လှူဒါန်းပေးခဲ့ပြီး ဆီဆိုင်မြို့အတွင်းရှိ မြကန်သာ ရပ်ကွက်နှင့် အောင်သပြေရပ်ကွက်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၈၅)စုတို့ကိုလည်း သွားရောက်ထောက်ပံ့ပေးခဲ့ ပြီးကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)