မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ''ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁၁ နာရီက ခင်မောင်ညို(ဘောဂဗေဒ)၏ ''ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက အများပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ''အပြစ်မတင်ဘဲ အလုပ်ဖြစ်အောင်လုပ်ပါ'' ခေါင်းစဉ်ဖြင့် ဦးစွာဆွေးနွေး ပြောကြားသည်။

ယင်းနောက် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးဟန်ဝင်းစိုးက ''မောပန်းနွမ်းနယ်မှုနှင့် သောက ကင်းဝေးမှု နည်းလေးခု'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဦးကိုကိုလေးက ''လူအများနှင့် ပြေပြေပြစ်ပြစ် ဆက်ဆံနည်း'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ခင်ဝင်းမော်က ''မိမိအမှားကို အရင်ဆုံးဝန်ခံပါ'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဦးသက်လွင်ဇော်က ''မမုန်းအောင် ဝေဖန်နည်း'' ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် စာပေ ဝါသနာပါသူများကလည်း ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းကို မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဉ်ကျင်းပ ဆောင်ရွက်လျက်ရှိပြီး စာပေဝါသနာ ပါသူများမှလည်း တက်ရောက်လေ့လာ ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း