ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာရှိ လောကထွဋ်ခေါင် ဆုတောင်းပြည့်စေတီ ပန္နက်တင်မင်္ဂလာပွဲကျင်းပ

မိုးကောင်း ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာ၏တောင်ဘက်ရှိ လောကထွဋ်ခေါင် ဆုတောင်းပြည့်စေတီ ပန္နက်တင်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ဆုတောင်းပြည့်စေတီဝင်း၌ ကျင်းပ ခဲ့သည်။

စေတီတော်ကြီးအား အတွင်းစည်းပန္နက်တိုင် (၈) ခု၊ အပြင်စည်းပန္နက်တိုင် (၈) ခုအား ဆရာတော် သံဃာတော် များ၊ စေတီအလှူရှင် ဒါယိကာ/ဒါယိကာမများမှ ပန္နက်ရိုက်ကြပြီး အမွှေးနံ့သာ ဖြန်းပက်ခဲ့သည်။

ဆုတောင်းပြည့်စေတီတော်ကြီးကို ဘိုးဘေးများတည်ထားကိုးကွယ်ခဲ့သည်မှာ ကြာပြီဖြစ်၍ ပြိုကျပျက်စီးပြီး ခြုံနွယ်ပိတ်ဖုံးလွမ်းခြုံနေသဖြင့် အသစ်တဖန် ပြန်လည်မွမ်းမံတည်ထားဖူးမျှော်နိုင် အုပ်စုသံဃာနာယက ဆရာတော်များ၏ ဩဝါဒခံယူကာ လောကထွဋ်ခေါင်စေတီဘွဲ့တော်ဟူ၍ ပူဇော်သမုတ်ခေါ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစေတီတော်ကြီးကို ဉာဏ်တော်အမြင့် ၂၇ တောင်၊ ရင်ပြင်အကျယ် ၄၅ ပေ ပတ်လည်ဖြင့် ရွှေတိဂုံ စေတီပုံတူသဏ္ဍာန် ပြန်လည်မွမ်းမံ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)