ကျိုက်မရော ဖေဖော်ဝါရီ ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ အတူနေမိသားစုဝင်များ MCL ဘိလပ်မြေစက်ရုံမှ အလုပ်သမားများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပရဟိတအသင်းသားများနှင့် အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၁ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ Booster Dose ထိုးနှံရာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး သုံးလနှင့် ခြောက်လပြည့်ပြီးသည့် ဝန်ထမ်းများနှင့်အတူနေ ဝန်ထမ်းမိသားစုဝင်များ အသက် ၁၈ နှစ်မှ ၆၅ နှစ်အထိ ဒေသခံပြည်သူများနှင့် MCL ဘိလပ်မြေစက်ရုံရှိ အလုပ်သမားအင်အား (၅၀) ဦး၊ ပရဟိတအသင်းဝင် (၁၅) ဦးနှင့် ဒေသခံပြည်သူများအားကို ဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ်ရုရှား နိုင်ငံထုတ် Sputnik Light ကိုဗစ်ကာကွယ်ဆေးအား ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျထိုးနှံပေးလျက်ရှိပြီး ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် Booster Dose ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်၍ သတ်မှတ်ဦးစားပေး အစီအစဉ်များအလိုက် ထိုးနှံပေးလျက်ရှိရာ ဖေ ဖော်ဝါရီ ၁၀ ရက်နေ့အထိ ထပ်ဆောင်းကာကွယ်ဆေး လာရောက်ထိုးနှံပြီးသူ စုစုပေါင်း (၁၉၃၅) ဦးရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)