နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး မြန်မာနိုင်ငံကလေးများနေ့ အကြို လှုပ်ရှားမှုကျောင်းပေါင်းစုံ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် လူမှုဝန်ထမ်း ဦးစီးဌာနက ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ကျောင်းပေါင်းစုံ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက ဇမ္ဗူသီရိမြို့နယ်၊ တော်ဝင်ရတနာ မူလတန်းကြိုကျောင်း၌ ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ နေပြည်တော် ကလေး သူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသားကလေးငယ်များ၏ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့် အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ဗဟိုချက်ဌာနဖြစ်သည်နှင့်အညီ ကလေးသူငယ်များရဲ့ အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ် အခွင့်အရေး (၄) ရပ် အနက် ကလေးသူငယ်များကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်းသည်လည်း အခွင့်အရေးတစ်ရပ် အဖြစ် ပါဝင်နေတာဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖေဖော်ဝါရီ (၁၃) ရက်နေ့ကို မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ်သတ်မှတ်ခဲ့ပြီး ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကလေးသူငယ်များရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုရရှိစေမှာ ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် အခမ်းအနား ကို ကလေးများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို စံပြပုဂ္ဂိုလ်အဖြစ် အားကျအတုယူတတ်စေရန်၊ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိပြီး ကလေးများအားလုံး ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရန်နှင့် ကလေးသူငယ် အခွင့်အရေးများကို အပြည့်အဝ အကောင်အထည် ဖော်ရာတွင် ကလေးများအားလုံး တက်တက်ကြွကြွ ပါဝင်လာစေရန် စသည့်ရည်ရွယ်ချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါကြောင်း၊ ရှေးဦးကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ ဌာနပိုင်မူလတန်းကြိုကျောင်း (၈) ကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း (၅၄) ကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း (၁၀၄) ကျောင်း ဖွင့်လှစ်ထားရှိပြီး အသက် (၃) နှစ်မှ (၅) နှစ် အရွယ် ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးဖို့ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းပေါင်းစုံရှိ ရင်သွေးငယ်လေးများမှ ကာယစွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ဆုရရှိသော ရင်သွေးငယ်လေးများအား တာဝန်ရှိသူများမှ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ရင်သွေးရတနာမူလ တန်းကြို ကျောင်း၊ နေပြည်တော် ကလေးပြုစု ရေးဌာန၊ တော်ဝင်ရတနာ မူလတန်းကြိုကျောင်း၊ သီရိရတနာမူလတန်းကြိုကျောင်း၊ နန်းထိုက်ရတနာ မူလတန်းကြိုကျောင်းနှင့် ကျောင်းပေါင်းစုံမှ ရင်သွေးငယ်လေးများက တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ကဗျာရွတ်ဆို ယှဉ်ပြိုင် ခြင်းနှင့် စုပေါင်းသီချင်းဆိုယှဉ်ပြိုင်ရာ  နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးသည့် ရင်သွေး ငယ်လေးများ အား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)