သီပေါ ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် နစ်နာဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်၍ ပင်လယ်စာနှင့် အကင်မျိုးစုံ ရောင်းချသောဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသော ပင်လယ်စာနှင့် အကင်မျိုးစုံ ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိ၊ ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့် လည်းကောင်း၊ တစ်ခြားဘာသာဖြင့် တွဲလျက်လည်းကောင်း ဖော်ပြခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြပြီး စားသုံးသူများမှလည်း မြန်မာဘာသာ ဖြင့် ကုန်အညွှန်းမပါသော ကုန်ပစ္စည်းများကို ဝယ်ယူခြင်း လုံးဝမပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပင်လယ်စာနှင့် အကင်မျိုးစုံ ရောင်းချသောဆိုင်များသို့ ဆက်လက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီက ပြောကြားခဲ့သည်။
ခင်လေး