တောင်ကြီးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အရုပ်ဆက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၁၁

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အရုပ်ဆက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက ပြိုင်ပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားပြီး အမှတ် (၇) အခြေခံပညာ အလယ်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက အရုပ်ဆက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ အသီးသီးချီးမြှင့် ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။

ဇော်နိုင်လင်း