ကမာဝက်မြို့၌ (၂၆) ကြိမ်မြောက် ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကျင်းပ

မုဒုံ ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၂၆) ကြိမ်မြောက် ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများနှင့် ကာယဉာဏ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီက စိန်တောင် ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မုဒုံမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုခိုင်က ကလေးငယ်များ ကျန်းမာသန်စွမ်းဉာဏ်ရည်ဖွံ့ဖြိုးစေရန် အိုင်အိုဒင်းဆားကို စားသုံးသင့်ကြောင်း၊ အာဟာရ အုပ်စု (၃) အုပ်စုပါဝင်သည့် အစားအစာများကို စားသုံးသင့်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲနှင့် ကာယဉာဏ အားကစားပြိုင်ပွဲများတွင် ပါဝင်ဆောင်ရွက်သော ကလေးငယ်များအားလုံး ဘက်စုံဖွံ့ဖြိုးမှုနှင့် ကျန်းမာသန်စွမ်းစေရန်တို့အတွက် ကျောင်းသား/သူကလေးငယ်များအား ပီနံအိတ်စွတ်အပြေးပြိုင်ပွဲ၊ ဘောလုံးကောက် ပြိုင်ပွဲ၊ ဘောလုံး လက်ဆင့်ကမ်းပြိုင်ပွဲစသည့် အားကစားစွမ်းရည်ပြိုင်များတို့ကို ပြုလုပ်ပေးခဲ့ရာ ကလေးငယ်စုစုပေါင်း (၈၀) ဦးတို့က ပျော်ရွှင်စွာပါဝင် ယှဉ်ပြိုင်ကစားကြသည်။

ထို့နောက် ကျောင်းသား/သူကလေးငယ်များအား မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ကလေးအသုံးအဆောင် ပစ္စည်း (၁၇) မျိုးကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အာဟာရဒါနများတို့ကို တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)