တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနတွင် EM ဘိုကာရှီ သဘာဝ မြေဩဇာလုပ်နည်း လက်တွေ့သရုပ်ပြ

တံတားဦး ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး အပူပိုင်းစိမ်းလန်းစိုပြေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ ဖွင့်လှစ်သော တောကြပ်များ လုပ်ငန်းခွင်သင်တန်း (၂/၂၀၂၂)သင်တန်းမှ  သင်တန်းသား (၁၅)ဦးက ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေ စိမ်းလန်းစိုပြေရေး ဦးစီးဌာန တွင် EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက  စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ သဘာဝမြေဩဇာပြုလုပ်နည်း ဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းရွှေ က သင်တန်းသားများကို ပြောကြားရာတွင်  သဘာဝမြေဩဇာ ပြုလုပ်ရာတွင် ပါဝင်သည့် ပစ္စည်းများ အချိုးကျပါဝင်ရေး၊ ဌာနမှဆောင်ရွက်သော ပျိုးဥယျာဉ် လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေး၊ ဌာန၏လုပ်ငန်းများ အခြေခံမှစ၍ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်ရေးနှင့်  ဝန်ထမ်းအချင်းချင်း ပူးပေါင်ဆောင်ရွက်ရေးတို့ကို ပြောကြားသည် ။

EMဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ရာတွင် လိုအပ်သော လယ်ယာထွက်ကုန်ပစ္စည်းများ၊ မြက်၊ ကောက်ရိုး၊ နွားချေး၊ ဖွဲနု၊ EM တင်လဲ့ရည်တို့ ပါဝင်ကြောင်း၊ သဘာဝမြေဩဇာ ပြုလုပ်မည့်နေရာမှာ (၆)ပေပတ်လည်ရှိပြီး အမြင့်(၃)ပေရှိရမည်ဖြစ်ကြောင်း ထိုပစ္စည်းများကို (၆)လက်မအထူ (၆)လွှာရရှိပါက အပေါ်ပိုင်းအနည်းငယ်ခွက်၍ EM ထပ်လောင်းပြီး အပေါ်ဘက်တွင် ပလပ်စတစ်ဖြင့်  လေလုံအောင်ဖုံးအုပ်ပြီး (၁)လအကြာတွင် အထက်အောက် လှန်ပေးရပါကြောင်းနှင့် (၂)လအကြာတွင် မြေဆွေးပုံမှာ (၂)လက်မခန့် နိမ့်ဆင်းသွားပြီး  သဘာဝမြေဩဇာကို စတင်အသုံးပြုနိုင်ကြောင်း သိရသည်။

ရဲတင့်