မြစ်သားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ မြဝတီ ရသစုံမဂ္ဂဇင်း စာအုပ်မှ စာရေးဆရာ ဒေါက်တာကျော်စွာထွန်း ရေးသားထားသော "ကိန်းဂဏန်းများနှင့် နေထိုင်ခြင်း" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်က စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်အေးအေးမြတ်က အဆိုပါ ဆောင်းပါးတွင်ပါဝင်သည့် "သွားများကို တစ်နေ့နှစ်ကြိမ်၊ တစ်ကြိမ်လျှင် နှစ်မိနစ်ခန့် တိုက်ပေးပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်သန်းဦးက "တစ်နေ့ ရေ ၈ ခွက် သောက်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်လင်းလင်းက"တစ်နေ့ အနည်းဆုံး ၈ နာရီ အိပ်စက်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စာပေဝါသနာရှင်များ၊ စာအုပ်စာ စောင် ချစ်မြတ်နိုးသူများ၊ စာဖတ်ဝါသနာပါသူများဖြင့် လစဉ် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြမြမွန်