မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

သထုံ      ဖေဖော်ဝါရီ        ၁၁

မွန်ပြည်နယ်၊ သထုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က မြန်မာနိုင်ငံ ကလေး များနေ့အထိမ်းအမှတ် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဉာဏစွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ သထုံမြို့ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အကြီးတန်း အဆင့်နှင့် အငယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိသူတို့က အကဲဖြတ် အမှတ်ပေးဆု ရွေးချယ်ပေးခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ သထုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် သထုံမူလတန်းကြိုကျောင်း မိဘအမှု ဆောင်အဖွဲ့တို့မှ တာဝန်ရှိသူတို့က ယမန်နေ့က ကျင်းပခဲ့သည့် ဆေးရောင်ခြယ်၊ လက်ချောင်းပန်းချီ၊ အပြေး၊ အရုပ်ထောင်၊ အာလူး ကောက် စသည့် ကာယပြိုင်ပွဲများနှင့် ယနေ့ကျင်းပသည့် အကြီးတန်းနှင့် အငယ်တန်း ကဗျာရွတ်၊ သီချင်းဆို ပြိုင်ပွဲတို့မှ ဆုရရှိကြသည့် ကလေးငယ် များအား အသီးသီးဆုချီးမြှင့်ပေးခဲ့ကြသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ သထုံမူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ကာယစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က ကျင်းပခဲ့ပြီး၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ ကျင်းပခဲ့ရာ မူကြိုကလေးငယ် စုစုပေါင်း ၃၀ ဦးခန့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

ကိုကိုဦး