သီပေါ ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့(အကြို) အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တစည်းတလုံးတည်း လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိစေရန်အတွက် တောင်းတန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသား လူထုအားလုံး တညီတညွတ်တည်း၊ တစ်သွေးတစ်သားတည်း စည်းလုံးညီညွှတ်မှုကို သက်သေထူပြသနိုင်ခဲ့သော နေ့တစ်နေ့ ဖြစ်ကြာင်း သိရှိစေရန် ရည်ရွယ်၍ “ပြည်ထောင်စုနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (TalkShow)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို လည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်နန်းသိင်္ဂီစိုးက သမိုင်းဝင်ပင်လုံစာချုပ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝင်းမာအေးက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း စသည်ဖြင့် ပြည်ထောင်စုနေ့နှင့် ပတ်သက်သော အကြောင်းအရာတို့ကို လည်းကောင်း အသီးသီး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)