(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျောက်မဲမြို့ မြို့အဝင် မုခ်ဦး ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ ဖေဖေါ်ဝါရီ ၁၁

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ Clean & Green Cities ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ကျောက်မဲမြို့ မြို့အဝင် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက မုခ်ဦးအသစ် တည်ဆောက်ဖြစ်ပေါ် လာပုံကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပြီး မြို့မိမြို့ဖများကိုယ်စား ရှမ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးစိုင်းစိုးညွှန့်က ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။

ယင်းနောက် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်၊ စည်ပင်အမှုဆောင် အရာရှိ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ၊ တအာင်း (ပလောင်) စာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌတို့က မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာများပက်ဖြန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခင် ကျောက်မဲမြို့အဝင် မုခ်ဦးအ‌ဟောင်းသည် လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမပေါ်တွင်ရှိနေပြီး လမ်းသားတိုးချဲ့ရာတွင် လမ်းနှင့်မလွတ်ခြင်း၊ ခေတ်နှင့်မလျော်ညီခြင်းတို့ကြောင့် အဆိုပါမုခ်ဦးအဟောင်းကို ဖျက်ဆီးပြီး ယခုမုခ်ဦးအသစ်ကို ကျောက်မဲမြို့အဝင် ပင်လုံလမ်းထိပ်တွင် ခေတ်နှင့်လျော်ညီအောင်၊ ဒေသပုံရိပ် အားထင်ဟပ်မိအောင် ပြန်လည်တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ မုခ်ဦးအား စည်ပင်သာယာရေးဌာန၏ ရန်ပုံငွေ ကျပ် ၁၉၇ ဒဿမ ၅ သိန်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့  Clean & Creen Cities ရန်ပုံငွေကျပ်သိန်း ၃၀၀ တို့ဖြင့် ရွှေရည်သဇင်ဖြိုးကုမ္ပဏီမှ တင်ဒါအောင်မြင်၍ ၂၀-၆-၂၀၂၁ ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ  ဦးစိုးနိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)