မြစ်သားမြို့၌ ပြည်ထောင်စုနေ့အကြောင်းအသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ အခြေခံပညာ ဦးစီးဌာန မြစ်သားမြို့ မြို့မအနောက် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကြည်ထွန်းက ပြည်ထောင်စု ဟူသည်မှာ ပြည်နယ်၊ တိုင်းဒေသကြီးများကို စုစည်းပြီး စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်သော စကားစုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသား လူမျိုးစုအပေါင်းနှင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပြီး တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ချစ်ခင်စည်းလုံးစွာ ရပ်တည်စုစည်းမှုဖြင့် ပြည်ထောင်စုကြီးအဖြစ် ကာလအဓွန့် ရှည်စွာ တည်ထောင်နေထိုင်ခဲ့ကြသော နိုင်ငံဖြစ်ကြောင်း၊ ရှေးအစဉ်အဆက်ကတည်းက ပြည်ထောင်စုအဖြစ် နေထိုင်ခဲ့ကြပုံ အကြောင်းများ၊ မျိုးချစ်စိတ်ရှိသော်လည်း စည်းလုံးမှုမရှိ၍ အောင်မြင်မှု မရရှိပုံနှင့် စည်းလုံးညီညွတ်၍ အောင်မြင်မှု ရရှိပုံတို့ကို ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲအဓွန့်ရှည်အောင် ကြိုးပမ်းသင့်ပုံတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)