ပူတာအို ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ကျောင်းသူ၊ ကျောင်းသားများ အရောင်ကို ခွဲခြားတတ်စေပြီး အရောင်ကို အသုံးပြုတတ်လာစေရန်၊ စည်းဘောင်များကို သိရှိနား လည်လာစေရန်၊ ကလေးများ တီထွင်ကြံဆတတ်သည့် စိတ်ကူးစိတ်သန်းများ ရှင်သန်လာစေရန်နှင့် မျိုးချစ်စိတ်ရှင် သန်ခိုင်မာလာစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ဟောပြောပြီး ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် အခြေခံပညာ အလယ်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် ပုံများမှ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု နှစ်ဆုကို ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းများနှင့်အညီ ရွေးချယ်ခဲ့ကြသည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူ၊ ကျောင်းသားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှု များကို ဟောပြောပွဲ တက်ရောက်လာသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)