မော်လမြိုင် ဖေဖော်ဝါရီ ၁၁
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့ပြီး ဆုရရှိသူ များအား ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် အခန်းအမှတ်(၁၅)တွင် ဆုပေးပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်က ပြည်ထောင်စုနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် ပြိုင်ပွဲကျင်းပရခြင်းသည် မျိုးဆက်သစ် လူငယ်၊ မောင်မယ်များ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း သိရှိစေရန်နှင့် အနာဂတ် နိုင်ငံတော်အတွက် ပခုံးပြောင်း တာဝန်ထမ်းဆောင်မည့် နိုင်ငံသားကောင်းများစွာ ပေါ်ထွက်လာ စေကြောင်း အမှာစကားပြောကြားပေးပြီး ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက စာစီစာကုံးပြိုင်ပွဲ၌ "တွဲလက်ညီညီရှေ့သို့ချီ ပြည်ထောင်စုဆီ တက်လှမ်းမည်” ခေါင်းစဉ် ဖြင့်ဆုရရှိသူများကို လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ကဗျာပြိုင်ပွဲ၌ "သွေးစည်းချစ် ကြည်တွဲလက်ညီ တို့ပြည်ထောင်စု ဖော်ဆောင်မည်” ခေါင်းစဉ်ဖြင့် ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးသည်။
"ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဆိုသည့် ပညာရေး ဆောင်ပုဒ်နှင့် အညီ မော်လမြိုင်တက္ကသိုလ်သည် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး အတွက် နှစ်စဉ်နိုင်ငံတော်မှ အားထားရသည့် မျိုးဆက်သစ် လူငယ်၊ မောင်မယ်များစွာ ပေါ်ထွက် လာစေရေး မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)