ကျိုက်မရောမြို့၌ သက်တမ်းလွန်မုန့်များ၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ကျိုက်မရော  ဖေဖေါဝါရီ   ၁၁


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စည်ပင်သာယာစျေးကြီးနှင့်ဆုတောင်းပြည့်ဘုရားကြီးရှေ့ရှိ မုန့်ဆိုင်များနှင့်စားသောက်ကုန်ဆိုင်များ၌ စားသုံးရန်မသင့်သော သက်တမ်းလွန်အစား အသောက်များ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ လှည့်လည်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ် တာဝန်ခံရုံးမှ တာဝန်ခံဦးအောင်ညီညီခန့်နှင့် ဒုဦးစီးမှူးဒေါ်ခင်ကြည်နှင့် ပူးပေါင်းအဖွဲ့များက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင်ကျိုက်မရောမြို့နယ်အတွင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ချက်နှင့်မကိုက်ညီသော သက်တန်းလွန်မုန့်များ အစားအသောက်များကိုရောင်းချခြင်းမရှိစေရန် စျေးကြီးအတွင်းအပြင် ကုန်စုံဆိုင်၊ မုန့်မျိုးစုံဆိုင်များအား စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော တာရှည်ခံဓာတုပစ္စည်းများ ဆိုးဆေးများပါဝင်သည့် အစားအသောက်များအားစားသုံးခြင်း မပြုရန်ဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်းနှင့် ကုန်ပစ္စည်းများတွင်အမှတ်အသား တံဆိပ်များကပ်၍ ရောင်းချရန် ညွှန်ကြားချက်များနှင့် မကိုက်ညီပဲ ရောင်းချခြင်းမရှိစေရန် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးစီးမှူးဦးအောင်ညီညီခန့်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)