ပျော်ဘွယ် ဖေဖော်ဝါရီ ၁၁
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အိမ်ရှင်မများ အနေဖြင့် မိသားစုစီးပွားရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် ဆပ်ပြာအဆီ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
သင်တန်းသို့ တက်ရောက်လာသူ တစ်ဦးက “ကျွန်မတို့အိမ်မှာဆိုရင် ဆပ်ပြာအဆီတစ်လီတာဘူးကို (၁၂၀၀) ကျပ်ဝန်းကျင် ဝယ်ပြီးသုံးရပါတယ်၊ ကိုယ်တိုင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်တန်း တက်ဖို့စုံစမ်းရာမှာ သင်တန်းကြေးက များတယ်ရှင့်၊ အခုတော့ ကျွန်မဆန္ဒပြည့်ပါပြီ၊ အခမဲ့လည်း သင်ရတယ်၊ ကိုယ်တိုင်လည်းလုပ်တတ်လာလို့ ဤဦးစီးဌာနနဲ့ သင်တန်းနည်းပြကိုလည်း ကျေးဇူး တင်ပါတယ်” ဟု ရှင်းပြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင် ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးပြီး ဆပ်ပြာအဆီ ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများ၊ အချိုးကျ ရောစပ်ရမည့် အခြေအနေများ၊ လုပ်နည်းစနစ်များကို အသေးစိတ်ဆွေးနွေးပို့ချကာ တက်ရောက်လာသည့် သင်တန်းသူများက လက်တွေ့လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)