ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က စာပေ ချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ် အလိုက် စာအုပ်စာစောင် များကို လေ့လာဖတ်ရူခြင်းကြောင့် ကိုယ်တိုင်စဉ်းစား ဆုံးဖြတ် တက်သော အတွေးအခေါ်အမြော်အမြင်များ ရရှိစေရန်နှင့် စာပေကောင်းများ ပိုလေ့လာဖတ်ရှု တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် နှင့် အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အကျင့်‌ကောင်းများရရှိစေရန် ရည်ရွယ်၍စာဖတ်ဝိုင်းများ အစဉ်အမြဲ ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကော့မှူးမြို့နယ် စာပေချစ်မြတ်နိုးသူများ၊ Book Club အဖွဲ့ဝင်မှ ဦးခင်ဇော် (ခင်ဇော်ကော့မှူး) က စာရေး ဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသော လူငယ်နှင့်ဇွဲစာအုပ်မှ လူငယ်နှင့် နိုင်ငံရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ခင်ထွေးရီက တစ်တိုင်းတစ်ပြည်လုံး၏ တာဝန်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ခင်သူဇာက လူငယ်နှင့် အနာဂတ် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြေားကြားခဲ့သည်။ ထို့နောက် Book Club ဥက္ကဋ္ဌ ဦးတင်လှိုင် (စာရေးဆရာမြိုင်တင်လှိုင်) နှင့် အဖွဲ့ဝင်များက ခေါင်းစဉ်များအလိုက် အပြန်အလှန်‌ ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ ကော့မှူး