တနိုင်း ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Tanai Idol ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ကင်ဆားရာရပ်ကွက်၊ မြို့နယ်အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်လွမ်းတူးမှ ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တနိုင်းမြို့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Tanai Idol ပြိုင်ပွဲတွင် တနိုင်းမြို့နယ်အတွင်းမှ သီဆိုဝါသနာရှင် (၂၆)ဦး ပါဝင် ယှဉ်ပြိုင်ကြရာ ပထမစကာတင် (၁၂)ဦး ရွေးချယ်ခဲ့ပြီး ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက်(၁၀) နာရီတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ပထမဆု (၃သိန်း)၊ ဒုတိယဆု (၂သိန်း)၊ တတိယဆု(၁သိန်း)နှင့် နှစ်သိမ့်ဆုများအဖြစ် ငါးသောင်းစီ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ စိန်ရတုပြည်ထောင်စုနေ့တွင် အသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါ(တနိုင်း)