မိတ္ထီလာ ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ စက်ချုပ်နည်းပညာရပ်ကို တက်ကျွမ်းပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်၍ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်ပြီး အခြေခံစက်ချုပ် သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်၍ သင်တန်းသူများအနေဖြင့် သင်တန်းဆင်းပြီးပါကလည်း သင်တန်းမှ ပို့ချလိုက်သည့် စက်ချုပ်နည်းပညာရပ်များအား ဆက်လက်လေ့လာသင်ယူကြပါရန် ပြောကြားခဲ့ သည်။ယင်းနောက် ကျောင်းအုပ်ဆရာကြီးက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။၎င်းနနောက် သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသူများက သင်တန်းသူများ ချုပ်ထားသည့် အဝတ်အထည်များအား လိုက်လံကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို မိတ္ထီလာခရိုင် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝနှင့် သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)