ရခိုင်ပြည်နယ် မောင်တောမြို့၌  ပြည်နယ်အစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသော  ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မောင်တော  ဖေဖော်ဝါရီ  ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ၊ဆွမ်းဆန်တော်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လှူဒါန်းသော ဆီ ၊ ပဲ ၊ ကြက်သွန် ၊ ကြက်များ ဆက်ကပ်လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီအချိန်  မြို့မပရဟိတကျောင်း ၊ လောက မာရဇိန် သမုတ် သိမ်တော်ကြီး အတွင်း ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွက်ဆို၍ ဘုရားကန်တော့၍  အခမ်းအနား ဖွင့်လှစ်ပြီး မောင်တောမြို့ ၊ မြို့မပရိယတ္တိစာသင်တိုက်၊ မြို့နယ်ဩဝါဒစရိယ ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပင့်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ကြက်သွန် ၊ ကြက်ဥ  ၊ လှူဖွယ်ဝတ္တူငွေများအား ဆက်ကပ်လှူဒါန်ခဲ့ကြပြီး မြို့နယ်သံဃနာယအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွက်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်း (၉၂)ရှိ သံဃာတော်အရှင်သူမြတ် ၁၈၉ ပါးအတွက်သံဃာတော် ၁ ပါးလျှင် ဆီ ၃၀ ကျပ်သားနှုန်းဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောဆီ ၅၃ ပိဿာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ သံဃတော်တစ်ပါးလျှင် ဆန် ၃ ပြည် ၊ ကြက်သွန် ၁ ပိဿာ ၊ အာလူး ၁ ပိဿာ ၊ ကြက်ဥ ၆ လုံး နှုန်းဖြင့်  လှူဒါန်းသော ဆွမ်းဆန်တော်  ၂၄ အိတ် ၊  ကြက်သွန် ၁၉၅ ပိဿာ ၊ ကြက်ဥ ၁၁၇၀ လုံး ၊ အာလူး ၁၉၅ ပိဿာ စုစုပေါင်းတန်ဖိုးငွေကျပ် နှစ်ဆယ်သိန်းခြောက်သောင်းတစ်ထောင်တိတိနှင့်  မြို့ပေါ်ရှိ ပင်သံဃာတော် ၉ ပါး အား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လှူဒါန်းငွေ ၃၅၀၀၀ ကျပ်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် မိသားစုမှ လှူဒါန်းငွေ ၂၀၀၀၀ ကျပ်တို့ကို  လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)