သာစည် ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် အထူးဇုံဧက (၂၅၀) ကို ကျေးရွာ အုပ်စုသုံးအုပ်စု၌ စိုက်ပျိုးသွားမည်ဖြစ်ပြီး အထူးဇုံဧကများအတွက် ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဌေးနိုင်နှင့် သာစည်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်တို့က အမှာစကားများပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးငွေက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အထူးဇုံဧက(၂၅၀)အတွက် တစ်ဧကလျင် ရွှေတောင် (၁၀) FS ဝါမျိုးစေ့ သုံးပိဿာ တစ်အိတ်၊ မျိုးစေ့လူးနယ်ဆေး တစ်ထုပ်တို့ကို တောင်သူများထံ ပံ့ပိုးပေးအပ်သည်။ ထို့ပြင် အထူးဇုံစိုက် တောင်သူများအား တစ်ဧကလျင်ယူရီးယား ဓါတ်မြေဩဇာ တစ်အိတ်ကို ငွေကျပ် ၃၂၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။ သာစည်မြို့နယ်တွင် အထူးဇုံဧကများ အပါအဝင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါကို ကျေးရွာအုပ်စု ၁၅ အုပ်စု၌ ဧက ၁၈၀၀ လျာထားကြောင်းသိရပြီး အထူးဇုံဧက(၂၅၀)ကို အောင်သာကျေးရွာအုပ်စု၌ ၁၄၂ ဧက၊ ရွာမွန်သာကျေးရွာအုပ်စု၌ ၅၈ ဧကနှင့်မကျီးကန်ကျေးရွာအုပ်စု၌ ၅၀ ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။ ပစ္စည်းများပေးအပ်ပွဲ သို့ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အထူးဇုံစိုက် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်