(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၌ စုပေါင်းသွေး လှူဒါန်း

စစ်တွေ  ဖေဖော်ဝါရီ  ၁၁

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အား ဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၌ စုပေါင်းသွေး လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများပေးအပ်ကြသည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးမှုများနှင့် သွေးအမျိုးအစားခွဲခြင်းတို့ကို ဆောင်ရွက်ကြပြီး စုပေါင်းသွေးလှူဒါန်းကြသည်။ စုပေါင်းသွေးလှူဒါန်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၈၂ ဦးနှင့် မိသားစုဝင် ၃၈ ဦးတို့က သွေးအမျိုးအစားပေါင်းစုံ ၁၂၀ လုံးအား စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)