.မိုင်းနောင် ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ အထွတ်အမြတ်ထားရမည့် နေ့ကြီးရက်ကြီးများ၏ သမိုင်းကြောင်းများကို အလေးအနက်သိရှိစေရန်နှင့် စာဖတ်စွမ်းရည်၊ စကားပြောစွမ်းရည်များ တိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းထံမှ သိရသည်။
ကျပန်းစကားပြောပြိုင်ပွဲတွင် (၁)ရင်းနှီးချစ်ကြည်တွဲလက်ညီ ပြည်ထောင်စုဘွား တိုင်းရင်းသား (၂)အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့ (၃)ဒို့ညီနောင်ထုတည်ထောင်ပြု ပြည်ထောင်စုနေ့ဒို့မမေ့ ခေါင်းစဉ်များဖြင့် အထက်တန်းဆင့်မှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁ဝ) ဦးပါဝင် ယှဉ်ပြိုင်ပြီး ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)