မန္တလေး သြဂုတ် ၂၇
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများက အလုပ်တွင်ထိခိုက်ဒဏ်ရာရသေဆုံးသွားသည့် လုံခြုံရေးဝန်ထမ်း ဦးနန္ဒအောင်အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ်လေးဆယ့်ငါးသိန်းကို ၎င်း၏ဇနီးထံသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့သည်။
သေဆုံးသွားသူမှာ အမရပူရမြို့နယ်၊ မှန်တန်း၊ ဧဇရပ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး Denko (ပန်းချီ) စက်သုံးဆီအရောင်းဆိုင်၌ တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ကာ လူမှုဖူလုံရေးရုံးတွင် အကျုံး ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးဖြစ်ပြီး အလုပ်တွင်ထိခိုက်ဒဏ်ရာရသေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ်လေးဆယ့်ငါးသိန်းကို ခွင့်ပြုထုတ်ပေးခြင်း ဖြစ်သည်။
ထိုသို့သွားရောက်ပေးအပ်ရာ၌ မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှတာဝန်ခံ ဒေါ်လွင်လွင်မြင့်က အကျိုး ခံစားခွင့်ထုတ်ပေးရခြင်းအကြောင်း ရှင်းလင်းပြောပြပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ငွေလုံးငွေရင်းကို သေဆုံးသွားသူ၏ဇနီး ဒေါ်သန္တာလင်းအား ထုတ်ပေးခဲ့ပြီးနောက် Denko စက်သုံးဆီ အရောင်းဆိုင် ဒုတိယတာဝန်ခံက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါပေးအပ်သည့်အစီအစဉ်တွင် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှတာဝန်ရှိသူများ၊ မှန်တန်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမရပူရ Denko (ပန်းချီ) စက်သုံးဆီအရောင်းဆိုင်မှတာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်