သာစည် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သင်းသင်းက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ သာစည်မြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေတုတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ညောင်ရမ်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကြာဘက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ သာစည်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) မီးရထားကျောင်းတို့မှ ကျောင်းသား/သူ ၁၂ ဦးတို့က တွဲလက်ညီညီရှေ့သို့ချီ၊ ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးစည်းချစ်ကြည် မြန်မာပြည် စသည့် ခေါင်းစဉ်သုံးမျိုးကို မဲနှိုက်ကြပြီး ကျရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲမှ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ပေးသော မြို့နယ်အတွင်းမှ စာရေးဆရာများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း