ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ   ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ  ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ကလေးငယ်များ  ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုး တိုးတက်စေရန်နှင့်မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့နောက် မိသားစုမူကြိုမှ  ကဗျာရွတ်ပြိုင်ပွဲဝင် မူကြိုကလေးငယ်များက “ဒို့ဗိုလ်ချုပ်၊ပြည်ထောင်စုနေ့၊လွတ်လပ်ရေးနေ့” စသည့် ကဗျာများဖြင့် လည်းကောင်း၊ ပုံပြောပြိုင်ပွဲတွင် မူကြိုကလေးငယ်များက “ယုန်နှင့်လိပ်၊ အလိုကြီး အရနည်း၊ ဒေါင်းယောင်ဆောင်သောကျီး”စသည့်ပုံပြင်များဖြင့်လည်းကောင်းအသီးသီးယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မိသားစုမူကြိုမှ ကလေးငယ်(၁၁) ဦး၊ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသော မူကြိုကလေးငယ်များအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)