ဝမ်းတွင်းမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် အထူးဇုံစံပြကွက် ဧက (၂၀၀) အတွက် မျိုးစေ့နှင့် လူးနယ်ဆေးပေးအပ်ပွဲကျင်းပ

ဝမ်းတွင်း ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် မိုးကြို ချည်မျှင်ရှည်ဝါ FStoRS မျိုးစေ့ထုတ် အထူးဇုံစံပြကွက် ဧက (၂၀၀) အတွက် ယူရီးယား မြေဩဇာ ရောင်းချပွဲ၊ မျိုးဝါစေ့နှင့် လူနယ်ဆေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ဦးစီးမှူး ဦးတိုးမင်းမှ ပြောကြားရာတွင် မိုးကြို ချည်မျှင်ရှည်ဝါ FStoRS မျိုးစေ့ထုတ် စံပြကွက် ဧက (၂၀၀) အတွက် ယူရီးယားမြေဩဇာ ရောင်းချပေးခြင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများအတွက် မျိုးစေ့နှင့် လူးနယ် ဆေးများ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်၊ ဝါစိုက်တောင်သူများအား အရည်အသွေး ကောင်းမွန်သော အထွက်တိုးမျိုးများ စိုက်ပျိုးစေပြီးတောင်သူများဘဝ အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ထောက်ပံ့ ပေးရခြင်းဖြစ်ကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် (မျိုးစေ့) များ ကိုယ်တိုင် ထုတ်လုပ်ရောင်းချနိုင်သည်ထိ ဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်မှ ရှင်းလင်းရာတွင် ဝါစိုက် တောင်သူများနှင့် မျိုးစေ့ထုတ်လုပ်မှု့များအတွက် မိမိတို့စိုက်ပျိုးရေး ဦးစီးဌာမှ ကြီးကြပ်ဆောင်ရွက် ကာ တောင်သူများအတွက် လိုအပ်ချက်များကို ပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးအတွက် မျိုးစေ့၊ လယ်ယာသုံးစက်ကိရိယာ၊ စိုက်ပျိုးရေများ ရရှိအောင်ဌာနဆိုင်ရာများနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် အကျိုးအမြတ်များ ဖြစ်ထွန်းစေရန် စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူနှင့်လုပ်ငန်းရှင်များ စုပေါင်း၍လုပ်ငန်းများ အောင်မြင်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ တောင်သူများ အတွက် ဝါမျိုးစေ့ထုတ် ဧက (၂၀၀) အတွက် (၁) ဧကလျှင် မျိုးဝါစေ့ (၃) ပိဿတစ် အိတ်နှုန်း၊ လူးနယ်ဆေး (၁) ဧကလျှင် (၁) ထုပ်နှုန်းကို တိုင်းဒေသကြီးအစိုးရ အထောက်အပံ့ဖြင့်အခမဲ့ ဖြန့်ဝေ ပေးခဲ့ပြီး ယူရီယားမြေဩဇာတစ်အိတ်လျှင် (၃၂၀၀၀) ကျပ်ဖြင့် (၁) ဧကလျှင် တစ်အိတ်နှုန်းဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးတိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သန်း၊ စက်မှုလယ်ယာဦးစီဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနှင့် ဝါစိုက်တောင်သူ (၇၇) ဦး တက်ရောက်ခဲ့ကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ FStoRS မျိုးစေ့ထုတ် အထူးဇုံ စံပြကွက် ဧက (၂၀၀) ကို ထီးလှိုင် ကျေးရွာမှ တောင်သူ (၁၂) ဦးဖြင့် ဧက(၃၀) ကိုလည်းကောင်း၊ ဒိုင်ကောင်းကျေးရွာတွင် တောင်သူ(၇၇)ဦးမှ ဧက(၁၇၀)ကိုလည်းကောင်း၊ စုစုပေါင်းဝါစိုက်ပျိုးဧက (၂၀၀) အား အကောင်းထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)