ကျိုက်မရော ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနကျိုက်မရောမြို့နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်းကျင်းပသော"(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စားသုံးသူကာကွယ်ပေးရေး သိကောင်းစရာဆွေနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အ.မ.က မူလွန် (၁) ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.မ.ကမူလွန် (၁)ကျောင်းအုပ် ဆရာမကြီးဒေါ်ချိုချိုလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောပြီးစားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယ ဦးစီးမှူးဒေါ်ခင်ကြည်က စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် ကလေးများအတွက် အန္တရာယ်ရှိသော အစားအသောက်များနှင့် အန္တရာယ်ကင်းသော အစားအသောက်များကို ခွဲခြားရွေးချယ်စားသောက်တတ်ကြစေရန် ပညာပေးဟောပြောခဲ့သည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသောစားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာပညာပေး လက်ကမ်းစာစောင်များကို ကျိုက်မရော မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်မှ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)