မိုးညှင်း ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ရတနာခန်းမ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သိန်းထွန်းက “တိုင်းရင်းသားများအားလုံးက ညီညွတ်စည်းလုံးမှုနဲ့ အဖျက်ရန်ကိုဖယ်ရှားပြီး ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက်ကြောင့် လွတ်လပ်တဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး အဖြစ် ယနေ့ထက်တိုင် ငွားငွားစွင့်စွင့် ရပ်တည်နိုင်ခဲ့သည်မှာ (၇၅)နှစ် စိန်ရတုတိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ထိုနေ့ ထိုရက်သို့ ရောက်ရှိ လေတိုင်းမှာ အမျိုးသားခေါင်းဆောင်ကြီးများအား ကြိုးပမ်းတည်ဆောက်ပေးခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မမေ့မလျော့ စေလိုတဲ့အတွက် ပြည်ထောင်စုနေ့အခမ်းအနားများကို အမြို့မြို့အနယ်နယ်မှာ ပျော်ပွဲရွှင်ပွဲများနှင့် ပြိုင်ပွဲများအား နှစ်စဉ်နှစ်တိုင်း ကျင်းပကြခြင်းပဲ ဖြစ်ပါတယ်။ ဒီပျော်ပွဲရွှင်ပွဲများနှင့် ပြိုင်ပွဲတွေကို ကျွန်တော်တို့ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကလည်း အတတ် နိုင်ဆုံး ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆုပေးပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားပြီး ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ကျင်းပခဲ့သည့် တက္ကသိုလ်အဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများမှ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ပေး အပ်ခဲ့သည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက ဆုရစာစီစာကုံးနှင့် ကဗျာ ရွတ်ဖတ်ပြီးနောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်