နမ္မတူ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၂၇၀ သန်းဖြင့် တည်ဆောက်လျက်ရှိသော အမှတ် (၂)အခြေခံပညာ အထက်တန်း ကျောင်းရှိ RC နှစ်ထပ်စာသင်ကျောင်းဆောင် ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးလင်းအောင်ထံက သိရသည်။
အဆိုပါ စာသင်ကျောင်းဆောင်မှာ (၁၅၀)ပေ၊ (၃၀)ပေ RC နှစ်ထပ် စာသင်ကျောင်းဆောင် ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်၊ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆၆.၃၅၅ သန်းဖြင့် တင်ဒါအောင်မြင်သော ရှမ်းပြည်အလှ ကုမ္ပဏီလီမီတက်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ (၉၀)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကာ ၂၀၂၂ ခုနှစ် မတ်လအကုန်တွင် ရာနှုန်းပြည့်တည်ဆောက် ပေးအပ်သွားမည်ဖြစ်သည်။
ထို့အပြင် ဖြည့်စွက်လုပ်ငန်းအဖြစ် ကွန်ကရစ်လမ်းခင်းခြင်းနှင့် တစ်ဦးထိုင်စာသင်စားပွဲ (၁၀၀)စုံ အား ပေးအပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်အလှကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးညီညီတင်က ပြောသည်။
အဆိုပါ ချယ်ရီဆောင် စာသင်ကျောင်းဆောင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပါက နမ္မတူမြို့နယ် အတွင်းရှိ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားကြမည့် အလယ်တန်း အဆင့် ကျောင်းသား/ကျောင်းသူလေးများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိရွှေစင်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)