(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

မောက်မယ် ဖေဖေါ်ဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပျော်ရွင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင်းအားကစားပြိုင်ပွဲများပြုလုပ်ပေးရခြင်းမှာ ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွင်ပြီး အစုအဖွဲ့များနှင့်ပူးပေါင်းတတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီးထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်လေးများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ပြီး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

ထိုကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် မူလတန်း အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ကျောင်းသားကျောင်းသူများအား မီတာ ၁၀၀ အပြေးပြိုင်ပွဲ ထုတ်ဆီးတိုးပြိုင်ပွဲကို အတန်းလိုက် ပျော်ရွင်စွာ ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်ထံမှ သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)