တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ရန်ကုန် ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ တွင် ညအချိန်များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာပစ္စည်းများ မရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ စည်ပင်သာယာစျေး များတွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“တာမွေမြို့နယ်အတွင်းရှိ စျေးတွေမှာ ညအချိန်များ၌ မီးကြွင်းမီးကျန်များမှ တစ်ဆင့် မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေး၊ မသမာသူများ ထားရှိသော မသင်္ကာဖွယ်ရာ ပစ္စည်းများကြောင့် မီးလောင်ကျွမ်းခြင်းများ မဖြစ်ပေါ်စေရေးနှင့် စျေးသူ/သားများ သိမ်းဆည်းထားရှိသော ကုန်ပစ္စည်း များ လုံခြုံမှုရှိစေရေးတို့ကို အဓိကထား စစ်ဆေးတာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် တာမွေ(ယာယီ)စျေး၊ ကျောက်မြောင်းစျေး၊ ဒဂုဏ်ညွန့်စျေး၊ အရိုးကုန်းစျေး၊ မေတ္တာညွန့်စျေး၊ ရာပြည့်စျေး၊ ဟင်းသီး ဟင်းရွက်နှင့် သား/ငါး အခွန်လွတ်စျေး စသည်ဖြင့် စည်ပင်သာယာစျေး(၇)စျေးရှိပြီး မြို့နယ်စည်ပင် သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ စျေးများတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်နေသလို မြို့နယ်အတွင်းရှိ စျေးများ၌ နွေရာသီကာလအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိ ပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(တာမွေ)